ခေတ်မီမြို့ပျက်ကြီးများ
မျှော်လင့်ချက်တွေ ချစိုက်ပြီးမှ
ညှိုးနွမ်းသွားသော ဂုဏ်သိက္ခာတရား
သေဆုံးသူတိုင်း မြို့ကိုစွန့်ခွါသွားကြ
ကောင်းကင်တစ်လှည့်
ငရဲခန်းတစ်လှည့်
ပျားပန်းခတ်သမျှ ငိုကြွေးသံရဲ့ကြား
ဘုရားသခင် တကယ်ရှိသလိုနေထိုင်ရ
ကမ်းပါးပြို အဝါရောင်မြစ်ဆီက
ဝါးလုံးကွဲ ဟားတိုက်သံများ
ပွင့်ထွက်သွားသော ဦးခေါင်းခွံနဲ့
လွတ်လပ်မှုရရှိသော ကျည်ဆန်ခွံများ
ယမ်းငွေ့ဝေတဲ့ မနက်ခင်းဆို
အညိုရောင်တောင်တန်းတွေ သိပ်လှတာ
ပူပူနွေးနွေးအသက်ကို ဖက်နဲ့ထုပ်ရောင်း
ဒီဒေသမှာ ဘာတွေထွက်လဲ မမေးနဲ့
ဘာမှအရေးမကြီးဘူး
နေဝင်ရင် အိမ်ပြန်လာဖို့ပဲလိုတယ်
ပေါက်ကွဲတတ်တဲ့ စိတ်တွေ
သွေးကြောထဲမှာပဲ မရှင်သန်ခိုင်းနဲ့
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထား
လမ်းကြားထဲဆုံတဲ့အခါ အရင်ဆုံးပြုံးပြနိုင်ရမယ်
ဘတ်စ်ကားပေါ် ကိုယ့်နေရာရရင်
နှာခေါင်းရှုံ့ချင်တဲ့လူတွေနဲ့ ဝေးဝေးနေ
တစ်ယောက်ကိုတစ်ယောက် မသနားတတ်ပဲ
အရင်လို မြို့ပတ်ရထားမစီးချင်နဲ့
တကယ်တော့
ဘယ်သူမှ ပျော်လို့ရယ်နေကြတာမဟုတ်ဘူး
ရယ်ရင်း ပျော်လာရတဲ့ဘဝမှာ
အားလုံးက နေသားတကျ
-သွင်ထူးသာ
Comments
Post a Comment