ငြိမ်း
(က)
ကမ္ဘာကြီးကို မသိမ်းနိုင်မှန်းသိတဲ့နေ့မှာ
မင်းတစ်ယောက်ကိုပဲ ငြိမ်းချမ်းစေချင်လာတဲ့စိတ်
(ခ)
ချစ်ခြင်းမေတ္တာဟာ ယူဇနာဘယ်လောက်ဝေးလဲ
မင်းအပြုံးတစ်မီတာအတွင်းမှာ ငါလက်နက်ချရတယ်
အတ္တစွဲတွေအကုန် အမြစ်ပြတ်ကြစေ
အနိဋ္ဌာရုံ စစ်ပွဲတွေအားလုံး အပစ်ရပ်ကြစေ
(ဂ)
ဂယ်လီလီယိုက ကြယ်တွေကြည့်ဖို့
တယ်လီစကုပ်ကို တီထွင်ခဲ့တယ်
ဘာအရေးလဲ
မင်းကို ငါမြင်ခဲ့တယ်
ဂလက်ဆီထဲက ခရစ်စတယ်လ်တွေအကုန်
အားနာစရာ...
(င)
ငါ့မှာ မင်းပဲရှိတာပါ
အရာရာမှာ စမှတ်တစ်ခုရှိတဲ့အခါတိုင်း
ဆုံးမှတ်တစ်ခုလည်း ရှိရမှာပေါ့
မင်းကိုအိပ်မက်တွေ စမက်တဲ့နေ့က
ငါ့မှာလည်း ပြုံးမိတာပဲ
(စ)
စိတ်က သိပ်မြန်တဲ့ယာဉ်တစ်မျိုးပဲ
မင်းဆီကို ခဏခဏရောက်တယ်
ကိုယ့်အသိတရားနဲ့ကိုယ် ပြန်ပြန်ကပ်လာတတ်တယ်
လောင်စာလည်း ကုန်လွယ် လွန်းလိုက်တဲ့အမျိုး
(ဆ)
ဆင်မ်ဖိုနီတစ်ပုဒ်စာလောက် ကိုယ်လွမ်းမိပါတယ်
အနိမ့်အမြင့် အတက်အကျနဲ့ သံစဉ်ပျိုတွေ
ရိုက်ခတ်တဲ့စည်းချက် အချမှာ
အတိအကျကို သတိရလိုက်မိပါသေးရဲ့
(ဇ)
ဇီးရပ်စ်နတ်ဘုရား နိုးလာတဲ့နေ့က
မိုးမရှာပါဘူး
နွေခေါင်ခေါင်မှာပဲ မိုးကြိုးပစ်ချပါတယ်
သားကောင်ကိုယ်တိုင်မှလည်း ခံ၀န်ရေး
အစတေးခံလိုက်တယ်တဲ့
(ည)
ညီမလေးရေ...
ကိုယ့်အရောင်နဲ့ကိုယ် ထည်ဝါနေတဲ့
သောကြာနံထောင့်က ကြယ်ပြာကလေး...
(တ)
တရားမှုမှာ အခွင့်အရေးတွေပါတယ်
မတရားမှုမှာ နှုတ်ခမ်းတွေကို ဖွင့်ကြ
"မင်းကို ချစ်တယ်"လို့ ငါအော်ပြောမယ်
ငါ့တစ်ကိုယ်စာနဲ့ ပတ်၀န်းကျင်တစ်ခုလုံး
ဒါ တရားသည်ဖြစ်ဖြစ် မတရားသည်ဖြစ်ဖြစ်
(ထ)
ထိန်းကြ ...
ယိုင်နဲ့ကျလာရင်တောင်မှ မယိမ်းကြစတမ်း
အဇ္စျတ္တထဲက ဓာတ်ပုံတွေ လာသိမ်းကြစမ်း
မြင်လွှာထဲက မျက်၀န်းတွေကို လာသိမ်းကြစမ်း
အတွေးတွေထဲက အရိပ်တွေဖယ်ပစ်
ငါအမှားကြီး မှားသွားခဲ့တာပေါ့
မင်းနှုတ်ခမ်းနဲ့ ငြိမ်းချမ်းမှုကို ငါလိုအပ်တယ်
(ဒ)
ဒုန်းခနဲ တိုက်မရတော့
ပြုံးရင်းလည်း မိုက်ရဲရမယ်
ဆံပင်ရှည်လေးထဲ ခေါင်းပုံစိုက်ရင်း
သံသရာရှည်ကြီးထဲ အနောက်ကလိုက်ရင်း
ညခင်းတွေတိုင်း စိတ်တွေကို
မင်းအိပ်မက်ထဲ အလည်လွတ်မယ်
(န)
နာမည်တပ်ခွင့်မရှိတဲ့ ပြဿနာတွေပါ
ရင်ဘတ်ထဲမှာ လာဖြစ်ပြီး
၀င်သက်တိုင်းမှာ ခက်စေပါတယ်
(ပ)
ပွင့်ဖတ်မျိုးလေး ထင်မိသတဲ့
နေခြည်ထိုးတော့ မိုးအထိမျှော်
ဒါကို အချစ်လို့ခေါ်လား
(ဖ)
ဖုန်းပြန်ခေါ်ပေးပါ
မင်းစိတ်ထဲအလည်သွားတဲ့ ငါ့အိပ်မက်ကိုဖုန်းခေါ်ပေးပါ
နံပါတ်အမှားကြီး ပေးမိလို့
နံပါတ်အမှားကြီးနှိပ်ပြီး ဖုန်းပြန်ခေါ်ပေးပါ
မင်းရော
ဖူးစာကို ယုံသလား...
(ဘ)
ဘ၀မှာ လွဲချော်မှုတွေ အများကြီးရှိတယ်
မင်းကလွဲရင် ချော်ကျမိမယ့် ချောက်တွေချည်းပဲ
(မ)
မင်း
မင်းဆိုတဲ့ ငါ့စိတ်
ငါ့စိတ်ကလေး မင်း
(ယ)
ယုံကြည်မှုဟာ တောင်တွေအထိ ရွေ့ပစ်နိုင်တယ်
မင်းကို ယုံကြည်ပါတယ်
ငါ့သစ္စာတရားကို ငါယုံတယ်
(ရ)
ရင်ခုန်သံတွေ ကြားလား
(လ)
လှတီးလှတနဲ့ ညီမလေး
ဂွတီးဂွကျနဲ့ ကံကြမ္မာရယ်
ရေစက်တွေ မသိ
အဖြေတွက်စရာ မရှိ
(၀)
၀င်သက်လေးပဲ ဖြစ်လိုက်ပါ
ထွက်သက်မတိုင်ခင်အထိ အတူရှိချင်တဲ့
အောက်ဆီဂျင်ဘဝြဖစ်ရလို
အရှေ့ကိုဆက်ဖို့ အသက်ကိုဝအောင်ရှူရတယ်
(သ)
သက်ပြင်းလေး ခိုးချမိတာ
သိပ်ကျယ်လောင်သွားရောလား
မျက်လွှာလေး ပြန်ချလိုက်ပါ
မင်းအနားမှာ အမြဲရှိမယ့်ကောင်ပါ စိတ်ချ
(ဟ)
ဟန်မဆောင်တတ်တဲ့ ငါ့အပြစ်တွေပါ
ချစ်စရာကောင်းလို့ ချစ်ရကြောင်းတွေ
တစ်နေ့ကျ ကောင်းကောင်းကြီး
ပြောပြတတ်ဖို့ စိတ်ကူးပါတယ်
(အ)
အဖြစ်အပျက်သဘောတွေရဲ့အကြား
အချစ်အတွက်နဲ့ မျောလိုက်လာရတဲ့ တိမ်တွေ
ကိုယ့်အယူအဆနဲ့ကိုယ် ငြိမ်ငြိမ်နေကြ
ကမ္ဘာကြီးကို မသိမ်းနိုင်မှန်းသိတဲ့နေ့မှာ
ညီမလေး"ငြိမ်း"ကို
ငြိမ်းချမ်းစေချင်လာတယ်...
-သွင်ထူးသာ
စာပြန်ဦးဟ အရေးကြီးလို့ ငါ စောက်ကြောင်း
ReplyDelete