ငှက်တေလေ
အဝေးဆုံးအထိ ပျံမယ်ဆိုပြီး
အနီးဆုံးမှာ ပြန်ဆင်းရတယ်
တစ်ခါတစ်လေ မျက်စိစုံမှိတ်မိတိုင်း
တိမ်လွှာလျှောစီးကြည့်ချင်တယ်
အတောင်တွေ ဖြန့်ကျက်လို့ရရင်လေ
အတွေးတွေကို လေသလပ်ခံထားမယ်
ကောင်းကင်ပြာရေ...
ကိုယ့်ရင်ခွင်မှာပျော်နေတဲ့ မိုးသက်လေနှင်တွေ
နဖူးတွေ့ဒူးတွေ့ မုန်တိုင်းမလာခင်အထိတော့
အသိုက်အိမ်ကလေး မပြီးစေ့ချင်ဘူး
နာမကျန်းဥတုရာသီ အမှီ
ကောက်ရိုးလေးတစ်မျှင်လောက် ချီချင်သေးရဲ့
ကောင်းကင်ပြာရေ...
ကျယ်ပြောလှတဲ့ဘဝမှာ
တစ်ကိုယ်စာဖူလုံမယ့် မေတ္တာဘုံလောက်နဲ့
ကျောက်ခဲတွေအပေါ် တက်နင်းဖူးပါရဲ့
အမှီသဟဲပြုရတဲ့ အပင်အိုမရောက်ခင်
ကြောက်ရွံ့မှုအပေါင်းကိုလည်း
သရဖူဆောင်းခဲ့ရပေါ့
ဒီတစ်ခါ ခရီးဆက်ရမှာညောင်းရင်
ခိုနားရမယ့်ကိုင်းတွေ အရင်အတိုင်းပဲလား
ဒီတစ်ခါ ခရီးထွက်ရတာညောင်းတော့
အရင်သွားခဲ့တဲ့ မိုင်တွေဆီ လှမ်းပြန်ကြည့်ရင်းနဲ့
နာမကျန်းဥတု အမှီ
အသိုက်ဆီတော့ မြန်းပါပေအုံးပေါ့
နောက်ဆုံးသစ်ရွက်မကြွေခင်
အရင်ဆုံးထွက်သွားရတဲ့သူသာ ဖြစ်ပါစေတော့လား
တော်ပါပြီလေ
နောက်တစ်ခါ အိမ်ပြန်ဖြစ်ရင်
အမြင့်ဆုံးကိုပဲ ထိုးပျံလိုက်တော့မယ်
-သွင်ထူးသာ(08Mar20)
Comments
Post a Comment