ဟာသ

 ငယ်ငယ်ကစာအုပ်လေးတစ်အုပ် ဖတ်ရတယ်

လူနာမည်က 'ချူချာ'

သူလုပ်ပုံတွေက လူရယ်စရာ


အတန်းဖော်ကောင်မလေး စကပ်ပြဲတုန်းက

ဝိုင်းရယ်ကြတဲ့အထဲ ကျွန်တော်မပါခဲ့ဘူး

အခန်း​ေဖာ် ဖက်တီးကောင် မုန့်ခိုးစားလို့

အတန်းပိုင်ရိုက်တုန်းက ကျွန်တော့်လက်ဖဝါးကို


တက္ကသိုလ်စတက်တော့ အသည်းကွဲတယ်

သူငယ်ချင်းက ရည်းစားဆို ထည်လဲတွဲတယ်

ဒီကောင်က ချမ်းသာတယ်

သူ့အဖေတောင်မှ သူဌေးရောဂါရနေတယ်တဲ့


အသည်းကွဲတော့ ကျွန်တော့်ကို သူဟားတယ်

အသည်းရောဂါနဲ့ သူ့အဖေဆုံးတော့ 

သူ့အစားပါ ဝါးလုံးကွဲ အော်ငိုလိုက်ရတဲ့အထိ


လမ်းမကူးတတ်တဲ့ သက်ကြီးရွယ်အိုတွေဆီ

မဆိုင်းမတွ သွားတတ်​ြပီ

ဆိုင်ကယ်လီဗာဖြဲတဲ့သူတွေကို 

ထီပေါက်စေချင်တဲ့ စေတနာပို


ချာလီချက်ပလင်သေတော့ သူ့ဟာသတွေ 

တယ်လီဗေးရှင်းကနေ ပြန်လွှင့်ခဲ့သလား

မရယ်ရတဲ့ တရားတွေ

ငါးတွေကို အလှမွေးကန်ထဲ ထား​ကြ

ငှက်တွေကို လှောင်ချိုင့်အိမ်တွေနဲ့ မွေးကြ


အားလုံးကို သေချာကြည့်တော့မှ

ဝိုင်းပြီး ရယ်နေတာသိရတယ်

ပွဲမပြီးခင် လက်ခုပ်ထ မတီးရကောင်းမှန်းလည်း

ကျွန်တော်သတိထားမိပါပြီ


ဂျူးခြောက်သန်း သတ်ခံရလို့

ဟစ်တလာ ရယ်ရွှန်းဖောက်တဲ့အသံက

ဟာသမှ မဟုတ်တာ


ကျွန်တော်လိမ္မာကြည့်ပြီးပြီ

ပျော်စရာလည်း မကောင်းဘူး


-သွင်ထူးသာ(နောက်ဆုံးကျည်ဆန်စာအုပ်မှ)

Comments

Popular Posts