ဟာသ
ငယ်ငယ်ကစာအုပ်လေးတစ်အုပ် ဖတ်ရတယ်
လူနာမည်က 'ချူချာ'
သူလုပ်ပုံတွေက လူရယ်စရာ
အတန်းဖော်ကောင်မလေး စကပ်ပြဲတုန်းက
ဝိုင်းရယ်ကြတဲ့အထဲ ကျွန်တော်မပါခဲ့ဘူး
အခန်းေဖာ် ဖက်တီးကောင် မုန့်ခိုးစားလို့
အတန်းပိုင်ရိုက်တုန်းက ကျွန်တော့်လက်ဖဝါးကို
တက္ကသိုလ်စတက်တော့ အသည်းကွဲတယ်
သူငယ်ချင်းက ရည်းစားဆို ထည်လဲတွဲတယ်
ဒီကောင်က ချမ်းသာတယ်
သူ့အဖေတောင်မှ သူဌေးရောဂါရနေတယ်တဲ့
အသည်းကွဲတော့ ကျွန်တော့်ကို သူဟားတယ်
အသည်းရောဂါနဲ့ သူ့အဖေဆုံးတော့
သူ့အစားပါ ဝါးလုံးကွဲ အော်ငိုလိုက်ရတဲ့အထိ
လမ်းမကူးတတ်တဲ့ သက်ကြီးရွယ်အိုတွေဆီ
မဆိုင်းမတွ သွားတတ်ြပီ
ဆိုင်ကယ်လီဗာဖြဲတဲ့သူတွေကို
ထီပေါက်စေချင်တဲ့ စေတနာပို
ချာလီချက်ပလင်သေတော့ သူ့ဟာသတွေ
တယ်လီဗေးရှင်းကနေ ပြန်လွှင့်ခဲ့သလား
မရယ်ရတဲ့ တရားတွေ
ငါးတွေကို အလှမွေးကန်ထဲ ထားကြ
ငှက်တွေကို လှောင်ချိုင့်အိမ်တွေနဲ့ မွေးကြ
အားလုံးကို သေချာကြည့်တော့မှ
ဝိုင်းပြီး ရယ်နေတာသိရတယ်
ပွဲမပြီးခင် လက်ခုပ်ထ မတီးရကောင်းမှန်းလည်း
ကျွန်တော်သတိထားမိပါပြီ
ဂျူးခြောက်သန်း သတ်ခံရလို့
ဟစ်တလာ ရယ်ရွှန်းဖောက်တဲ့အသံက
ဟာသမှ မဟုတ်တာ
ကျွန်တော်လိမ္မာကြည့်ပြီးပြီ
ပျော်စရာလည်း မကောင်းဘူး
-သွင်ထူးသာ(နောက်ဆုံးကျည်ဆန်စာအုပ်မှ)
Comments
Post a Comment