လောဘတွေမှာပန်းတိုင်မရှိဘူး မရွှေရည်

 ()


ကြည်လင်ဝင်းလဲ့တတ်သော ဘယ်လ်ဂျီယံစိန်ပွင့်တွေအကြောင်းသိခါစ သူမမှာ မျက်ဝန်းလက်လက်ကလေးတစ်စုံရှိနှင့်နေပြီးသားဆိုတာ သတိထားမိသည်။ ဖိအားများစွာကို ကြုံခဲ့ရဖူးပြီ ထင်သည်။ ထပ်ခါထပ်ခါပြောရလျှင် မရွှေရည်ကို ကျွန်တော်ချစ်ပါသည်။ ထိုအရာကလည်း အလွန်လေးနက်လိမ့်မည်ဟု ယုံကြည်သည်။


()


အညိုရောင် စုတ်ဖွားခွေးကလေးအပေါ် မေတ္တာအပြည့်အဝထားတတ်သည့် ချစ်သောမရွှေရည်. . .  


မရွှေရည် ရယ်ရမယ်၊ ပြုံးနေရမယ်။ နှလုံးသွေးကြောများ တဖြန်းဖြန်းထလောက်အောင် လှုပ်ကိုင်နိုးစေတတ်သောတန်ခိုးမျိုး မရွှေရည်ပိုင်ဆိုင်ထားသည်ကို သိပါရဲ့လား။ အမှန်စင်စစ် စိတ်ခံစားချက်တွင် ခိုဖြူငှက်ကလေး ပျံတက်မသွားနိုင်ပါ။ ညနေခင်းဟာ သက်ပြင်းတချို့ကြောင့် အသက်ရှည်လွန်းခဲ့ပြီ။ မရွှေရည်လက်ထဲကိုင်ထားနေကျ ကြိုးကလေးဟာ တကယ်တော့'သံယောဇဥ်'ဆိုတာပါ။ 


မရွှေရည်ရေ. . . 

ဘယ်လိုပဲဖြစ်ခဲ့ ပျော်နေပေးပါ။ ဘာတွေဖြစ်လာဖြစ်လာ အပြုံးလေးပန်ဆင်လိုက်ပါပေါ့။မျက်ရည်စို့ခြင်းဟာဝမ်းသာရလို့ဆိုတာမျိုးက လုံးဝမဖြစ်သင့်တဲ့အရာလေ။


()


ကမ္ဘာမှာအလေးလံဆုံးက မျက်ခွံတွေလို့ ပြောကြတယ်။ ဂုဏ်နဲ့ငွေကို ဖယ်လိုက်ရင် လူသားတွေဆိုတာ ခန္ဓာဗေဒသက်သက်ပါပဲ။ မရွှေရည်ကတော့ မရွှေရည်ပါ။ ကျွန်တော်သိထားသမျှထဲမှာ နားမလည်ဆုံးက မရွှေရည်ကိုဘယ်လိုမှမေ့လို့မရခြင်း အကြောင်းအရင်းလေ။ နောင်အနှစ်ငါးဆယ်ကြာလာရင် နေအတုပြဿနာကြုံရမှာ လာရှင်းပြစရာမလိုပါဘူး။ အပြိုင်စကြာဝဠာရဲ့သဘောတရားကိုလည်း လက်ခံတာပဲ။ ကျွန်တော်မယုံတာက လူတွေချစ်တာကိုပါ။ ဘောလုံးသမားတွေမှာတောင် ကျောနံပါတ်ပါသေးတယ် မရွှေရည်ရဲ့။


တကယ်လို့များ ပန်းပွင့်တွေရှားပါးလာပြီး ရေအရင်းအမြစ်နည်းသွားတဲ့အခါ ဒါမဖြစ်နိုင်ဘူးလို့ ယုံကြည်လား။အတွေးထဲမှာ မရွှေရည်၊ မရွှေရည်ဆိုတဲ့ နာမည်ခေါ်သံတွေ မတရားဆူညံလွန်းနေပြီ။ 


ခဏလောက်ပါပဲ။ နေအုန်းနော် မရွှေရည်။ သည်တစ်ခါဆောင်းကလည်း အအေးပိုနေရဲ့မဟုတ်လား။ ရွှေရည်၊နောက်ပြီးတော့ နေခြည်. . .  ရွှေရည်ကတော့ မရွှေရည်လို့ပဲ သိထားတာလေ။ ငွေရည်ဆိုလည်း ရွှေရည်ပေါ့။နေခြည်ကတော့ မရွှေရည်ပဲမဟုတ်လား။ ကျွန်တော်သိတာ တစ်ဦးတည်းကိုပါ။ ကျေးဇူးပြု၍ နောက်ထပ်ဘာမေးခွန်းမှ လာမမေးကြနှင့်။


()


စွမ်းအင်တစ်ခုဖြစ်ပေါ်ဖို့ ပွတ်တိုက်မှု၊ ညို့အားနှင့် အခြားသောအသွင်ပြောင်းလဲမှု တစ်ခုခုရှိရမည့်အကြောင်းကြားဖူးသည်။ 


မရွှေရည်တွင် သွားတန်းညီညီလေးရှိသည်။ လည်ပြန်ကြည့်တတ်သော ခြင်္သေ့တစ်ကောင်လို စိတ်မချမှုတွေ ပါဝင်နေသည်။ ငွေ့ရည်ဖွဲ့တတ်သော တောင်တန်းများတွင် မှတ်ဉာဏ်ကိုယ်စီရှိနိုင်ကြောင်း မကြာခဏငြင်းခုန်ဖူးပြီးပြီ။အကြိမ်ကြိမ်လည်း ရှုံးနိမ့်ခဲ့ဖူးသည်ကို အမှတ်ရ၏။ ကျွန်တော့်မှာ အသိတရားမရှိသော်ငြား မသိစိတ်ထဲတွင် မရွှေရည် ရှိကောင်းရှိနေပါလိမ့်မည်။ အကြည်ဓာတ်များ ပျော်ဝင်လျှက်ရှိသော အက်တမ်လေးအတွင်း လာရောက်နေထိုင်ပါ။ ညနက်တိုင်း အချိန်မှန်မှန်အိပ်စက်ပါ၊ မနက်ခင်းတိုင်း ပြန်လည်နိုးထပါ။ ကြယ်တွေကို ရေတွက်လို့ရတော့ရော ခရီးဆုံးရောက်နိုင်လိမ့်အုန်းမလား။ မရွှေရည်ရဲ့မျက်ခုံးကြားထဲမှာ အမြဲတမ်းသာယာနေသည့် ရာသီဥတုတစ်ခုကို ရှာဖွေချင်မိသည်။ နေခြည်ရောင်ဖြာထွန်းလင်းချိန်တွင် တောင်ပေါ်အိမ်တစ်လုံးဆီကနေ လှမ်းမြင်ခွင့်ရသော သဘာဝကျကျရှုမျှော်ခင်း မျက်နှာသွယ်လျလျလေးမျိုး။


မရွှေရည်ရေ. . .ဒီလိုနဲ့  အနောက်မှာ အိပ်မက်တသီကြီး ထလိုက်သွားကြပြန်ပြီ။


()


တပ်မက်မှုများစွာအနက် မရွှေရည်သည် ကြည်ပြာရောင် ဖန်တုံးလေးအဖြစ် ဝင်စားနေနိုင်သည်။ ထင်းရှူးအိုးဂစ်တာတစ်လက်၏ လေးဖက်လေးတန်ကာရံထားသည့် နှလုံးအိမ်ငယ်လေးအတွင်းမှ အသံစာစာလေးဖြစ်မည်။ 


ချစ်ခြင်းမေတ္တာဆိုတာ နေ့စဥ်စားသုံးသင့်တဲ့အစားအစာပါ။ ငါးကလေးတွေရှင်နေရင် လွှတ်ပေးလိုက်ပါ။ သစ်ပင်တစ်ပင်ကို စနစ်တကျ စိုက်ပျိုးပါ။ နာဖျားလွယ်တဲ့စိတ်ကလေး အပိုင်ပေးလိုက်ပါရစေ။ မရွှေရည်ရေအစစအရာရာ ဂရုစိုက်ပါဗျာ။ ခင်ဗျားလက်ထဲရောက်နေတာ ကျွန်တော်ရဲ့အိပ်မက်ကြီးပါ။


တကယ်တော့လူတွေမှာ အတ္တရော ဓမ္မရော နှစ်ခုစလုံး အသုံးဝင်လျှက်ပါပဲ။ ဓမ္မမရှိတဲ့အရပ်မှာ ''ကို သုံးပေါ့။ ဟိုအရင်တုန်းကတော့ မရွှေရည်ကို ကျွန်တော်စေ့စေ့မျှပင် မကြည့်ရဲခဲ့ပါ။ အခုတော့ မာနလေးတစ်ခု ကောက်ရမိပြီထင်ပါသည်။ စက္ကူစွန်ခေါက်နည်းသိခဲ့စဥ်က လေယာဥ်ပျံစီးနည်းကို သင်ကြားချင်ခဲ့ဖူးသည်။ ထိုသဘောအတိုင်းဖြစ်ပါလိမ့်မည်။ 


ချစ်သော...မရွှေရည်။


()


ရေစီးနေသော စမ်းချောင်းနံဘေးတွင် သတိရစိတ်ကို ချမျောကြည့်ဖူးပါသည်။ မျက်စိတစ်ဆုံး မရွှေရည်လှပနေခဲ့သည်။ တစ်ခါတစ်လေ အဝါရောင် ဖျော့တော့တော့။ တစ်ခါဆို နီညိုရောင်ကလေး။ ဘယ်လောက်ထိ မြတ်နိုးသင့်သောအကြောင်းတရားများပါလိမ့်၊ အသက်ရှူပင် ရပ်ပစ်ချင်စရာကောင်းသည်။ တိမ်တွေလမ်းလျှောက်ထွက်သည့်နေ့က မရွှေရည်ပြေးနေခဲ့သည်။ ထိုနေ့က ကောင်းကင်ကြီးတစ်ခုလုံး အပြာရောင်ဖုံးလွှမ်းနေ၏။


အိုမင်းသွားမည့် နာရီများရှိမည်ဆို အသက်မရှင်လိုတော့ပါ။ ဖြစ်နိုင်လျှင် ကျွန်တော့်ကိုကယ်ပါ။ မှီနိုင်သလောက်လှိမ့်ထွက်နေသည့်ရထားတွဲဆီ အပြေးလိုက်ဖူးလျှင် ဘဝဆိုတာ ရိုလာကိုစတာစီးရသလိုမျိုးပါ မရွှေရည်။ စိတ်ကူးထဲမှာ အောင်ဘာလေထီဆုကြီးများလည်း မကြာခဏပေါက်ဖူးသည်။ မရွှေရည်ဆီရောက်နှင့်နေသော မနက်ဖြန်တွေလောက်တော့ ပျော်စရာမကောင်းခဲ့ပါ။


()


ခမ်းနားသော ရဲတိုက်ကြီးတစ်ခုအတွင်း ခြေတစ်လှမ်းတိုင်းတွင် ကတ္တီပါစလေးများ စိမ်းစိုသွား၏။ အိပ်ရာဝင်ပုံပြင်တစ်ပုဒ်စီကို ပုခုံးပါးပါးအစွန်း၌ လွယ်ထားလေ့ရှိသည့် ကျွန်တော်၏မရွှေရည်။ ကျွန်တော့်ဆီကို ဖြည်းဖြည်းချင်းလှမ်းလာခဲ့ပါ။ မျက်လုံးတွေမရှိတဲ့ကမ္ဘာဆီရောက်ဖို့ အမှောင်ကို ကျင့်သားရနေရမယ် မဟုတ်လား။ အနားမှာမားမားမတ်မတ် ရပ်နေတယ်။ ဒါဟာ မှားမှားမှန်မှန်ရွေးချယ်ထားတဲ့ အဖြေပါ။ မရွှေရည်ကျွန်တော့်အနားရှိရင်အားလုံးကိုကျောခိုင်းရဲပါတယ်။ စန္ဒားယားတီးလုံးသံတချို့ကြားရတဲ့အခါ အဖြူရောင်ဇာပုဝါလေးကို ဖယ်ချလိုက်ပါ။ မရွှေရည်နဲ့ ပျော်နေတာဟာ တကယ်လိုက်ဖက်လွန်းလှပါတယ်။


()


ပြင်သစ်ရေမွှေးအနံ့ ကျီစယ်တတ်ပုံကို ခါယမ်းတတ်သော ဆံနွယ်လေးဆီမှ သတင်းကြားရသည်။  အီဖယ်တာဝါပေါ်တွင် နှုတ်ခမ်းနီရဲလေးအား ရေဆေးပန်းချီကားတစ်ချပ်အဖြစ် ခြယ်မှုန်းခွင့်ပြုပါ။


အကယ်၍ ကျွန်တော်အိပ်စက်နေခဲ့သည်ရှိသော် ကျွန်တော့်ကိုမနိုးပါနှင့်။ ကျွန်တော်နိုးထလာသည့်အခါလည်းပြန်လည်အိပ်စက်ခွင့်မပေးပါနှင့်။ စိတ်လိုလက်ရ တမ်းတမိသည့်နေ့များတွင် အိပ်မက်ကလေးအား ခွင့်ပြုပါ။တစ်နေ့တွင် ကျွန်တော်နဲ့ မရွှေရည်ရယ် ချစ်ခြင်းမေတ္တာရယ် ခုံပြာတန်းလေးတစ်ခုမှာ ဆုံခွင့်ရအုန်းမှာပါ။ 


အဲ့ဒီနေ့မှာ မရွှေရည်ကို မြင်ချင်သည်။

အဲ့ဒီနေ့က ကျွန်တော့်မျက်လုံးများကန်းနေသင့်။

အဲ့ဒီနေ့က မရွှေရည်ကို သိခွင့်မရခဲ့။

အဲ့ဒီနေ့မှာ အချစ်ကို စသိရသည်။


()


ကျွန်တော့်မှတ်ဉာဏ်ထဲတွင် မရွှေရည်၏ပုံရိပ်များနှင့် အမြဲတမ်းကစားနေမိပါတော့သည်။


-သွင်ထူးသာ


Comments

Popular Posts