အကြောင်းပြချက်မရှိ

တောင်တန်းတစ်ခုရဲ့ အလျားဟာ

မြစ်တစ်ခုစီးဆင်းဖို့ လုံလောက်တယ်


ပင်လယ်ကြီးရဲ့အနက်ကို

ရေလှိုင်းခတ်တဲ့ ကမ်းစပ်ကပဲ သိပါတယ်


တစ်ခန်းလုံး မွှေးကြိုင်ဖို့

တစ်ခိုင်လုံးခြွေချပစ်မှာလား

ပြတင်းတံခါးက လရိပ်လေးနဲ့လည်း

မှေးစက်လို့ ရရဲ့မဟုတ်လား


ခြားနားခြင်းတွေကို 

သက်ပြင်းချသံ တိုးတိုးတိတ်တိတ် ကြားနိုင်တယ်

မပျော်တဲ့ရပ်ဝန်းမှာ မိုးရိပ်တွေညိုလိမ့်မယ်


တကယ်တော့လေ....

အကွာအဝေးဆိုတာ 

ပေတံတစ်ချောင်းရဲ့ မျက်တောင်ဖျားလေးခတ်ရုံနဲ့ 

လုံလောက်ပါတယ်


ဘာလို့မုန်းသွားလဲ မမေးတော့ဘူး

အကြောင်းပြချက်မရှိ ချစ်ဖူးတယ်


-သွင်ထူးသာ(နောက်ဆုံးကျည်ဆန်စာအုပ်မှ)

Comments

Popular Posts