သီတင်းကျွတ်ခါနီးဆို အဘိုးကိုသတိရတယ်။
ဟိုး. . . ငယ်စဥ်တည်းက အဘိုးဟာ ကျွန်တော့်ကိုကျောပေါ်တင်ပြီး အိမ်ရှေ့အနီးအနားမှာရှိတဲ့ ဘုရားကုန်းဆီသွားတိုင်း ရင်ပြင်တစ်ပတ် ချီပိုးချော့သိပ်နေကျတဲ့။ လမ်းလျှောက်တတ်စမှာတောင် ကျွန်တော့်ကို ဖိနပ်မဝယ်ပေးဖူးတဲ့သူဟာ အဘိုးပါပဲ။ ရပ်ကွက်ဘောလုံးပွဲ၊ ဂျင်ပေါက်ကစားနည်း၊ စစ်တိုက်တမ်း ဘာတမ်းပဲဆော့ဆော့ အဘိုးကကျွန်တော့်ရဲ့ အမာခံပရိသတ်လေ။ ကျွန်တော်ကိုယ်တိုင်ကလည်း အဘိုးရဲ့ဆည်းလည်းသံလေး ဖြစ်ခဲ့ဖူးတယ်ဆိုတာ ဘယ်လောက်ကြာကြာမရိုးသွားမယ့် အိပ်ရာဝင်ပုံပြင်လေးတစ်ပုဒ် ဖြစ်နေဆဲပါ။
လူမှန်းသိတတ်စမှာ အဘိုးရဲ့စကားပြောဖော်တစ်ယောက်ဖြစ်နေခဲ့တာ မှတ်မိတယ်။ ညနေခင်းဆို အိမ်ရှေ့ကွပ်ပျစ်ကြီးပေါ်ထိုင်ပြီး ရေနွေးကြမ်းအိုးနဲ့ ဆိတ်သားခြောက်ပန်းကန်ကို အပိုင်စီးခဲ့ရတဲ့အချိန်တွေ အရမ်းလွမ်းတာပဲ။ အဘိုးဟာ လူကြီးတစ်ယောက်ဖြစ်ပေမယ့် ကျွန်တော့်ကို ကလေးငယ်တစ်ယောက်လို မဆက်ဆံခဲ့တာ သတိထားမိတယ်။ ရွယ်တူသူငယ်ချင်းတွေရဲ့အကြားမှာ အဘိုးအိုပေါက်စလေးအဖြစ် တစ်သက်လုံး သင်ကြားပေးသွားခဲ့တဲ့လက်ဦးဆရာတစ်ယောက်ဆိုတာ အသက်ကြီးလေ အဘိုးကို ပိုပြီးသိလာရလေပဲ။
ကျောင်းသားတစ်ယောက်ဟာ မုန့်ဖိုးနှစ်ရာရတဲ့ခေတ်မှာ ပင်စင်လစာငါးရာတန်တစ်ရွက်နဲ့ ခေါင်လုပ်ခဲ့ရတဲ့ကောင်ဟာ အဘိုးရဲ့မြေးပါပဲ။ အဘိုးရေ. . . အိမ်ရဲ့မိုးယိုပေါက်တွေအကြောင်း၊ ဝင်းထရံပျက်တွေအကြောင်း၊ကောင်းကောင်းနားလည်လာတဲ့အချိန်ကျတော့ အဘိုးနဲ့ကျွန်တော် သူစိမ်းတွေစဖြစ်သွားကြတာပဲ မဟုတ်လား။ အဘိုးဟာ ကျွန်တော့်ကို အကြာကြီးစိတ်ကောက်ပြပါတယ်။ နောက်ဆုံးမီးရှူးမီးပန်းတွေ ဖောက်ခဲ့မိချိန်ဟာမှတ်မှတ်ရရ အဘိုးကကျွန်တော့်ကို စကားလုံးဝမပြောဘဲ အိမ်ရှေ့ပြတင်းပေါက်လေးကနေ ငေးကြည့်နေခဲ့တဲ့မြင်ကွင်းလိုမျိုးပေါ့။ ဒီလိုအချိန် အိမ်မှာရှိခဲ့မယ်ဆိုရင် မီးပုံးတစ်လုံးနဲ့တစ်လုံး တန်းစီချိတ်ထားလေ့ရှိမယ့် အလယ်ပြတင်းပေါက်လေးကို လှည်ပြန်ကြည့်မိနေအုန်းမှာပါ။
အဘိုးရေ. . .
ဒီသီတင်းကျွတ်မှာတော့ ဖယောင်းတိုင်လေးတွေပဲ
အတန်းလိုက်ကိုင်ထွန်းဖြစ်တော့မယ် ထင်ပါတယ်။
ဟိုး အရင်လိုတော့ လပြည့်ညကြီးရဲ့အောက်မှာ
ရေပက်မဝင်တဲ့စကားတွေ ပြောချင်နေတုန်း။
-သွင်ထူးသာ(26Oct2020)
Comments
Post a Comment