ပျောက်နေတဲ့ လှေကလေး

အင်းရေပြင်ထဲ ငါးမျှားတံချမှ

ကိုယ့်ဝမ်းစာကိုယ်​ ပြန်မိရတဲ့ဘဝတွေ


မိုးသောက်ယံကနေ ညနေ​​ နေဝင်ချိန်အထိ

တက်ခေါက်သံတွေနဲ့ စကားပြော​ြကတယ်

ငါးရှာလည်း ဒီလှေ

သွားစရာရှိသမျှ ဒီလှေတစ်စီးနဲ့


ရွာဦးကျောင်းက 

အုန်းမောင်းခေါက်တဲ့အသံ ကြားရရင်

ငါ့အဖေဟောမယ့် တရားကိုသိပြီ


"ငါ့သား အဖေ့လို ငါးဖမ်းသမားဘဝက​ေနလွတ်ဖို့ 

အဖေက ငါးတွေ အကုန်ဖမ်းနေတာ

ကျောင်းမှာ စာမှန်မှန်ကြိုးစား'' တဲ့


လူမှန်နေရာမှန် ရောက်ဖို့ပဲ

အရိုးထဲစွဲနေအောင် သင်ယူလိုက်ရတဲ့ပညာတွေ

ငါးခေါင်းကို အလေးတုံးနဲ့ထုတမ်းကစားရင်

ငါ့ခေါင်းကို လက်သီးနဲ့ထုတမ်းပြန်ကစားတဲ့ 

ငါ့ရဲ့မိဘတွေ...


အချိန်တန်ရင် ရေမှော်နဲ့ ဒိုက်တွေလို 

တက်လာလိုက်တဲ့ ကုန်စျေးနှုန်းတွေက

ဗေဒါတွေပေါ် ချနင်းသွားလို့ ရတဲ့အချိန်ထိ

ဝါးထရံကပ် အိမ်ပေါ်ကနေ ဆင်းမသွားဘူး


ပျောက်နေတဲ့ လှေကလေးရယ်

နောက်ပြီးတော့ အဖေ့ကို မရှာနဲ့


အင်းရေပြင် အကျယ်ကြီးထဲမှာ

တစ်အိမ်လုံးရဲ့ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်

အဖေ ငါးရှာထွက်သွားတယ်


တစ်ရက်​ေတာ့ လှေကလေးဟာ 

ပျောက်ချက်သား ကောင်းနေတယ်

အဖေပြန်မလာဘူးနော်လို့ အမေ့ကိုပြော​ေတာ့

မျက်လုံးထောင့်မှာ ဝိုင်းသွားတဲ့မျက်ရည်တွေ

အဲ့ဒီနေ့ အဖေပြန်လာတော့မှပဲ 

မိုးတွေရွာချလိုက်တာများ


နောက်ရက်တေွမှာလည်း

​ေပျာက်နေတဲ့လှေကလေးကို ရှာစရာမလိုခဲ့ပါဘူး

အင်းရေပြင် အကျယ်ကြီးထဲမှာ

မြေပြင်​ေပါ် အသက်ရှူခက်နေတဲ့ ငါတို့အတွက်

အဖေ ငါးရှာထွက်သွားနေကျပဲ


တစ်သက်လုံး ပျောက်ခဲ့တဲ့ လှေကလေးဟာ

တစ်ရက်မှာလည်း လုံးလုံးပျောက်နေပြန်တယ်

အဲ့ဒီနေ့က တစ်မနက်ခင်းလုံး မိုးတွေရွာတယ်

အမေ ငိုတယ်


မိုးရေစိုလို့ အဖေ မိုးခိုနေတာဖြစ်မှာပါလို့

အမေ့အဖို့ ကူပြောရင်း နဲ့

ပြန်မလာတဲ့ လှေချည်တိုင်ကလေးမှာ

ငါလည်း ခိုးငိုရတာပါပဲ


ဒီတစ်ခါ အုန်းမောင်းခေါက်သံကြားတော့

ငါ ကျောင်းမသွားခဲ့ဘူး

တက်ခေါက်သံတွေ အများကြီးထဲ

အဖေဘယ်မှာလဲလို့ လိုက်မေးတယ်

လှေအစီး မြင်းအတက် ခရီးဖွင့်တဲ့အခါ

ပျောက်နေတဲ့ လှေကလေး ရှာတွေ့ပါပြီ


အခုထိ

မှောက်နေတဲ့ လှေတစ်စီးကို ​မြင်တိုင်း

အဖေ့ကို ခဏခဏ ပြန်တွေ့ရပါတယ်


နောက်ဆုံး တွေ့ခဲ့ရတုန်းကတော့

အဖေ့လက်ထဲ ကျစ်ကျစ်ဆုပ်ထားတာဟာ

ငါ့သားရဲ့ အနာဂါတ်ဆိုတဲ့

ငါးနှီးတွဲကြီး အတန်းလိုက်နဲ့ 


-သွင်ထူးသာ

Comments

Popular Posts